နိုင်ငံခြားမှာအလုပ်မြဲဖို့ဘယ်လိုရပ်တည်မလဲ

နိုင်ငံခြားမှာအလုပ်မြဲဖို့ဘယ်လိုရပ်တည်မလဲ

2020/12/04

မြန်မာပြည်မှာနာမည်ရပြီး ဂျပန်စာသင်နေတဲ့ ဝါရင့်ဆရာတစ်ယောက်က မေးဖူးသည်။ မြန်မာပြည်မှာ ဂျပန်စာသင်နေတဲ့ ကျောင်းသူ၊ကျောင်းသားတွေအများကြီးဘဲတဲ့၊ ဂျပန်ဆိုပြီးတော့သာ သွားချင်နေကြတာ အမှန်တကယ်ဂျပန်မှာ အဆင်ပြေရဲ့လား၊ ဆရာတစ်ယောက်အနေနဲ့ လက်ရှိအခြေအနေကို အမှန်အတိုင်းသိချင်တယ်လို့မေးဖူးသည်။ ထိုမေးခွန်းရဲ့အဖြေကို ဖြေဖို့အတွက် ရှင်းပြချင်တဲ့ စကားလုံးတွေများလွန်းသည့်အတွက် ဘယ်ကစဖြေပေးရမယ်မှန်းမသိလောက်အောင် ဖြစ်ခဲ့ရသည်။

(၁) နိုင်ငံခြားသွားတိုင်း ဝင်ငွေရပြီလား

ဂျပန်နိုင်ငံမှ မဟုတ်ပါဘူး။ ဖွံ့ဖြိုးပြီးနိုင်ငံဘယ်နိုင်ငံမဆို သွားပြီးအလုပ်လုပ်တော့မယ်ဆိုရင် ကိုယ့်မှာရှိတဲ့ စွမ်းအားတစ်ရပ်ပေါ်မှာအရင်းတည်ပြီးမှ ၀င်ငွေရရှိမှာ ဖြစ်တဲ့အတွက် ကိုယ်က ဉာဏ်အတတ်ပညာတစ်ခုခုကို တတ်ကျွမ်းတဲ့သူလား၊ ကိုယ့်မှာရှိတဲ့ ကာယစွမ်းရည်ကို အသုံးချပြီးတော့ ၀င်ငွေရအောင်လုပ်မှာလား ဒီနှစ်ခုဘဲရှိပါတယ်။ ကာယကိုဘဲသုံးသုံး၊ ဉာဏ်ကိုဘဲသုံးသုံး၊ ကိုယ်ကအမှန်တကယ် လုပ်ငန်းခွင်အတွက်အသုံးတည့်တဲ့သူဖြစ်ကြောင်းကိုလည်း သက်သေပြနိုင်ရပါတယ်။ ဉပမာ အိုင်တီသမားဆိုရင် ပထမ(၃)လတန်သည်ဖြစ်စေ စမ်းပြီးစာချုပ်နဲ့ ခန့်ပါတယ်။ အစမ်းခန့်ကာလမှာ တကယ်လုပ်နိုင်တဲ့သူဆိုရင် လုပ်ငန်းခွင်ရဲ့ သဘောတရားကို နားလည်ပြီး လုပ်နိုင်သွားရင်တော့ ဆက်လက်ပြီးအလုပ်ခန့်ပါလိမ့်မယ်။ စာချုပ်ချုပ်ဆိုတဲ့ ငွေပမာဏလည်း တိုးတောင်းသင့်ရင်တိုးတောင်းလို့ရနိုင်ပါတယ်။ တကယ်မလုပ်နိုင်ဘဲနဲ့ နိုင်ငံခြားရောက်ရင်ပြီးရော ပွဲစားအကူညီနဲ့ရောက်လာခဲ့ရင်တော့ မလုပ်နိုင်ရင် မလုပ်နိုင်တဲ့အလျောက် ဆက်လက် အလုပ်ခန့်ခြင်းမရှိပါဘူး။ တကယ်လုပ်နိုင်ပြီး အရည်ချင်းရှိတဲ့သူဆိုရင်တောင် အလုပ်ဆိုတာ အလုပ်ကံကြမ္မာဆိုတာကလည်းရှိပါသေးတယ်။ ကိုယ်လုပ်နိုင်တဲ့အလုပ်ကို ချက်ချင်း၀င်နိုင်အောင် မိတ်ဆက်ပေးတဲ့သူလည်းရှိရမယ်၊ ကိုယ်နဲ့တွေ့ပြီးအင်တာဗျူးကြည့်တဲ့အခါ ကိုယ့်ရဲ့ပင်ကိုယ်စရိုက်လက္ခဏာကိုလည်း အလုပ်ပေးမယ့်သူက လက်ခံပေးနိုင်ရမယ့် အချက်တွေကလည်း ပါ၀င်နေပါတယ်။ မြန်မာပြည်ကနေ ဂျပန်နိုင်ငံကို စစရောက်ချင်းမှာ အလုပ်ရတယ်ဆိုလျှင်ဘဲ မိမိရဲ့ လုပ်အားခက နောက်လမှထုတ်ယူနိုင်တာဖြစ်ပါတယ်။ လကုန်ကုန်ချင်း လုပ်အားခမရနိုင်ဘဲ ကြားထဲမှာ ကိုယ့်လက်ထဲကို လုပ်အားခရောက်ဖို့ ကြားကုမ္ပဏီ၊ အခွန်စတဲ့ အဆင့်ဆင့်ဖြတ်သန်းနေရတဲ့ အဆင့်တွေကလည်း ရှိပါတယ်။

(၂) အလုပ်သွားနေရင် ပြီးရော၀င်ငွေ၀င်မှာလား

မနက်ကိုအလုပ်သွားတယ်၊ ညနေဆိုအလုပ်ကပြန်တယ်။ လရဲ့တစ်လကုန်သွားတယ် အဲ့ဒီလရဲ့လစာကို အချိန်တန်ရင် ရပြီလို့ထင်နေရင်တော့ ကျောင်းသားတစ်ယောက်ကျောင်းတက်တာနဲ့ မထူးပါဘူး။ နေ့တိုင်းကျောင်းသွားမယ် ကျောင်းသွားတဲ့ အဖိုးအခအဖြစ်မုန့်ဖိုးကိုပြန်ရမယ်ပေါ့။ လုပ်ငန်းခွင်မှာတော့ အဲ့ဒါမျိုးတွေက မရှိပါဘူး။ အချိန်မှန်အလုပ်လာဆင်းတိုင်းလည်း လုပ်အားခပေးလို့မရတဲ့အပိုင်းတွေရှိပါတယ်။ အချိန်အတိုင်းတာတစ်ခု ကုန်လွန်သွားတဲ့အခါ အဲ့ဒီလူတစ်ယောက် လုပ်နိုင်တဲ့စွမ်းရည်ရဲ့ရလဒ်ကို မူတည်ပြီးတော့မှ လုပ်အားခရဲ့တန်ဖိုး၊ အဖိုးအခကိုပေးလို့ရမှာ ဖြစ်ပါတယ်။ ဉပမာ ၀က်ဆိုဒ်ဒီဇိုင်းတစ်ခုကိုပြင်ရတဲ့အလုပ် ဆိုပါစို့၊ နေ့တိုင်းအလုပ်တက်ပေမယ့် အဲ့ဒီဝက်ဆိုဒ်ကိုဘယ်လိုပြင်ရမလဲဆိုတဲ့ နည်းလမ်းကို ရှာဖွေကြံဆနေရင်းနဲ့ တစ်လအချိန်ကုန်သွားတယ်ဆိုရင် အဲ့ဒီ၀က်ဆိုဒ်ကိုပြင်ပြီး အလုပ်အပ်တဲ့သူလက်ထဲအပ်၊ စိတ်တိုင်းကျလား စစ်ဆေးပြီးမှ ၀င်ငွေပြန်ရမယ့် အလုပ်တစ်ခုက ကိုယ့်ရဲ့စွမ်းရည်ကနေ ရလဒ်ဖြစ်မလာတဲ့အခါ လုပ်အားခရမယ်လို့မမျှော်မှန်းနိုင်ပါဘူး။ ကိုယ့်ကိုယုံကြည်လို့အပ်ထားတဲ့ အလုပ်တစ်ခုက သတ်မှတ်ချိန်အတွင်း မပြီးမြောက်ခဲ့ရင် တဖက်ကုမ္ပဏီကို တောင်းပန်ရတာမျိုး၊ လျော်ကြေးပေးရတာမျိုးတွေတောင် ရှိတဲ့အတွက် ဒါတွေကိုနားလည်ထားဖို့လိုအပ်ပါတယ်။

(၃) ကိုယ့်ကိုကိုယ်သုံးသပ်ပြုပြင်တက်ဖို့

အထက်တွင်ဖော်ပြခဲ့သော ဉပမာအတိုင်း မိမိအမှား၊ စွမ်းရည်အားနည်းချက်ကြောင့် မမျှော်လင့်သော အကြောင်းတစ်စုံတစ်ရာပေါ်ပေါက်ခဲ့သည်ရှိသော အထက်လူကြီးများက နောက်နောင်ဒါမျိုးမဖြစ်ရအောင် အကြံပြုပြီးပြုပြင်ခိုင်းလေ့ရှိကြပါတယ်။ ထိုအကြံပြုချက်များအပေါ်တွင် အငုံစိတ်အရ၊ ခံပြင်းမှုများ ဝမ်းနည်းနေမှုများဖြစ်မနေဘဲ၊ မိမိကိုယ်ကိုသုံးသပ်ပြုပြင်တက်ဖို့ စိတ်ထားရှိဖို့ကလည်း အထူးလိုအပ်လှပါတယ်။ ပထမတစ်ခေါက်မတတ်သည် နားမလည်သည်များရှိလျှင် ဘယ်လိုလုပ်လျှင်ရနိုင်သလဲ၊ မေးမြန်းနိုင်ပါသည်။ ကိုယ်မလုပ်တတ်သည့်နည်းပညာ အကြောင်းအရာများပါခဲ့လျှင် ပထမတစ်ခေါက်မလုပ်နိုင်ခဲ့လျှင်တောင် နောက်တစ်ခေါက်တွင်တော့ လုပ်တက်အောင်လုပ်နိုင်အောင် ပြန်လည်လေ့ကျင့်ထားဖို့လိုအပ်ပါသည်။ အကြိမ်ကြိမ်ခိုင်းတိုင်း မလုပ်တတ်ဘူးဆိုသော အဖြေသည် လုပ်ငန်းခွင်တွင်အသုံးမတည့်နိုင်ပါ။ မလုပ်တတ်လျှင် လုပ်တတ်အောင်လေ့လာပါ။ နည်းပညာသမားဆိုလျှင် အင်တာနက်တွင်အလွယ်တကူရှာဖွေ လေ့လာနေနိုင်သောကြောင့် မလုပ်တတ်ဘူးဆိုသော စကားသည် ဆင်ခြေတစ်ခုအဖြစ်သာမြင်နိုင်ဖွယ်ရှိသည့်အတွက် မိမိဘဝရဲ့အလုပ်အကိုင်အခွင့်အလမ်းလည်း ရည်ရှည်တည်တံ့နိုင်မည်မဟုတ်ပေ။

(၄) အကောင်းမြင်တဲ့စိတ်ရှိဖို့

တစ်ခါတစ်လေ အလုပ်ခေါ်စာများတွင် နည်းပညာလိုအပ်ချက်များကိုသာ ထည့်ရေးထားသည်မဟုတ်ဘဲ၊ အကောင်းမြင်တဲ့စိတ်ရှိတဲ့သူကို ဉီးစားပေးခေါ်ပါမည်လို့ လည်းပါတက်ပါတယ်။ လုပ်ငန်းခွင်သည် အလုပ်များကိုသာပြဿနာမရှိ စောက်ချလုပ်ကိုင်နိုင်သော နေရာမဟုတ်ပေ။ နေ့စဉ်နှင့်အမျှ ပြဿနာများကို ဖြေရှင်းနေရသည်ကပင် အလုပ်ခွင်ဖြစ်သည်။ ဉပမာ ရောင်းကုန်တစ်ခုပြုလုပ်မည်ဆိုလျှင်လည်း စားသုံးသူများလိုအပ်နေသည့် ပြဿနာကဘာလဲ ဆိုတာက နေအစရှာရသည်။ စားသုံးသူများလိုအပ်နေသည့် ပြဿနာကိုရှင်းပေးနိုင်လျှင် စီးပွားရေး စတင်လုပ်ကိုင်နိုင်မည် ဟုဆိုနိုင်ပါသည်။ နည်းပညာအလုပ်များသည် သာမန်ထုတ်ကုန်တစ်ခုလိုမဟုတ်ဘဲ၊ မထင်မှတ်သောအချိန်တွင် မထင်မှတ်သော ပြဿနာများက ပေါ်လာစမြဲဖြစ်သည်။ ပြဿနာတစ်ခုပေါ်ပေါက်လာတိုင်း ထိုပြဿနာများသည် မိမိကြောင့်ဖြစ်ပွားသည် မဟုတ်ဟုငြင်းဆန်နေမည့်အစား ဖြစ်ပေါ်လာသော ပြဿနာများကို အကောင်းမြင်စိတ်ဖြင့် ဘယ်လိုဖြေရှင်းလျှင်ပြီးမြောက်နိုင်မည်ဟု စဉ်းစားခြင်းကသာ အရေးပါလှသည်။ ထိုသို့ အကောင်းမြင်စိတ်ဖြင့် ပြဿနာများကို ဖြေရှင်းနိုင်သည့်သူမှသာလျင် အလုပ်အကိုင်မြဲနိုင်ကြောင်းလည်း တွေ့ရပါသည်။ အထက်တွင်ဖော်ပြခဲ့သည့်အချက်များသည် အပြည့်အစုံ ဆုံးမဟုတ်တောင် ယခုမှပြီးလုပ်ငန်းခွင်ဝင်ရောက်မည့် လူငယ်လူရွယ်များအတွက် တစ်ဖက်တစ်လမ်းက အကြံပြုနိုင်မည်ဟု ယုံကြည်ပါသည်။

 

အားလုံးအတွက် အဆင်ပြေစေဖို့ရည်ရွယ်ပါတယ်။

Bliss Stock Team