ဂျပန်ကို အိုင်တီအလုပ်နဲ့ ဗီဇာလျှောက်ဖို့ဘာတွေလိုအပ်သလဲ

ဂျပန်ကို အိုင်တီအလုပ်နဲ့ ဗီဇာလျှောက်ဖို့ဘာတွေလိုအပ်သလဲ

2020/12/04

အိုင်တီအလုပ်နဲ့ ဗီဇာလျှောက်မယ်ဆိုရင် အရင်ဆုံးမြန်မာပြည်ကနေ ဂျပန်မှာရှိနေတဲ့ အိုင်တီကုမ္ပဏီ တစ်ခုမှာ အွန်လိုင်းကနေဖြစ်ဖြစ်လှမ်းလျှောက်ထားတာဘဲ ဖြစ်ဖြစ်၊ မြန်မာပြည်မှာရှိတဲ့ ဂျပန်ကုမ္ပဏီ တစ်ခုခုမှာ ဖြစ်ဖြစ် အလုပ်ရထားဖို့အရင်လိုအပ်ပါတယ်။
ဂျပန်ကုမ္ပဏီတော်တော်များများက အလုပ်ခန့်ဖို့စဉ်းစားရင် မိမိကုမ္ပဏီမှာ ခန့်လိုက်တဲ့လူက ဂျပန်ကိုရောက်လာခဲ့ရင် အဲ့ဒီသူအတွက် အာမခံကြေး၊ ပင်စင်အစရှိတဲ့ နောက်ဆက်တွဲ ကိစ္စများကိုပါ တာဝန်ယူရတာဖြစ်တဲ့အတွက် အလုပ်ခန့်ဖို့လျာထားတဲ့သူက ဂျပန်နိုင်ငံမှာ အလုပ်လာလုပ်ရင် ပြသနာတစုံတရာ နည်းနိုင်သမျှနည်းအောင် အလုပ်ခန့်ဖို့လျာထားတဲ့သူရဲ့ ပင်ကိုယ်စရိုက်လက္ခဏာကို အချိန်အတိုင်းအတာတစ်ခုထိ စောင့်ကြည့်အကဲဖြတ် သုံးသပ်လေ့ရှိကြပါတယ်။ အားလုံးအဆင်ပြေတယ်လို့ ယူဆရတဲ့သူကို မြန်မာပြည်က သံရုံးမှာ ဗီဇာမလျှောက်ခင် ဂျပန်မှာ နေထိုင်ခွင့်ပြုကြောင်းအသိမှတ်ပြုလက်မှတ် (COE)
အရင်လျှောက်ထား ပေးကြပါတယ်။

COE လျှောက်ဖို့ မြန်မာပြည်ဖက်ကနေ ဘာစာရွက်စာတမ်းတွေပို့ပေးဖို့လိုအပ်ပါသလဲ

အောက်မှာဖော်ပြထားတဲ့ အချက်အလက်တွေကတော့ (COE) လျှောက်ဖို့ လိုအပ်တဲ့စာရွက်စာတမ်း တွေပါ။

(၁) နောက်ခံဘတ်ဂရောင်း အဖြူနဲ့ရိုက်ထားတဲ့ ဓါတ်ပုံ (3×4㎝ ဆိုဒ်)

(၂) ပါတ်စပိုစ့် (ပါတ်စပိုစ့်အမျိုးအစားက Visitingအလည်အပတ်အမျိုးအစား၊ ဆိုလည်းအဆင်ပြေပါတယ်။)

(၃) COE လျှောက်လွှာမှာ မိမိအချက်အလက်တွေဖြည့်သွင်းထားပါ။ (လျှောက်လွှာဒေါင်းလုတ်ယူရန်)

(၄) ဂျပန်ဘာသာစကား ကျွမ်းကျင်မှုအသိမှတ်ပြုလက်မှတ် (အနည်းဆုံးကတော့ N2 လောက် အောင်မြင်ထားမှ နည်းပညာနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေကိုဖတ်နိုင်မှာ ဖြစ်ပါတယ်။ N1 အောင်ထားရင်တော့ ပိုကောင်းပါတယ်။)

(၅) တက္ကသိုလ်အောင်မြင်ပြီးကြောင်း ဘွဲ့လက်မှတ် (ကွန်ပျူတာက္ကသိုလ် နှင့် ဆက်နွယ်နေသော နည်းပညာ တက္ကသိုလ်တစ်ခုကို အောင်မြင်ပြီးကြောင်း ဘွဲ့လက်မှတ်ရှိထားရင် အဆင်ပြေပါတယ်။)

(၆) အိုင်တီနည်းပညာကျွမ်းကျင်ကြောင်း အသိမှတ်ပြုလက်မှတ် (Java, PHP, Python, Oracle, etc.)

(၇) မိမိရဲ့ကျွမ်းကျင်မှုကို ပြသတဲ့ စာရွက်စာတမ်း(Skill Sheet)

(၈) မိမိရဲ့ကိုယ်ရေးအချက်အလက် (CV)

အထက်ပါ အချက်အလက်စာရွက်စာတမ်းတွေကို မိမိကိုအလုပ်ခန့်ထားတဲ့ ကုမ္ပဏီဆီကို ပေးပို့ပြီး (COE) လျှောက်ထားရမှာ ဖြစ်ပါတယ်။ (COE) လျှောက်ထားရင် အနည်းဆုံး (၁)လကနေ အများဆုံး (၃)လကြာမြင့်တက်ပါတယ်။ အောက်မှာပြထားတဲ့ပုံကတော့ ဂျပန်မှာ နေထိုင်ခွင့်ပြုကြောင်းအသိမှတ်ပြုလက်မှတ် (COE) စာရွက်ပုံပါ။

COE ရပြီဆိုရင် (၃) လအတွင်း မြန်မာနိုင်ငံမှာရှိတဲ့ ဂျပန်သံရုံးမှာဗီဇာသွားလျှောက်ရပါမယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ဂျပန်သံရုံးဝင်ဖို့ ဘာအချက်အလက်တွေလိုအပ်ပါသလဲ

အောက်မှာဖော်ပြထားတဲ့ အချက်အလက်တွေကတော့ မြန်မာနိုင်ငံမှာရှိတဲ့ ဂျပန်သံရုံးကိုဝင်ပြီး ဗီဇာလျှောက်တဲ့အခါ လိုအပ်တဲ့အချက်အလက်တွေပါ။

(၁) မြန်မာနိုင်ငံရှိ ဂျပန်သံရုံးမှာဗီဇာလျှောက်ထားရမယ့် လျှောက်လွှာ (မိမိရဲ့အချက်အလက် တွေဖြည့်သွင်းပြီး မိတ္တူနှစ်စောင်ကူးသွားပါ။)

(၂) COE လျှောက်တုန်းကကျန်တဲ့ ဓါတ်ပုံ(၂)ပုံလောက်

(၃) နေထိုင်ခွင့်ပြုကြောင်းအသိမှတ်ပြုလက်မှတ် (COE) (မိတ္တူနှစ်စောင်ကူးသွားပါ။)

(၄) ပါတ်စပိုစ့် (မိတ္တူနှစ်စောင်ကူးသွားပါ။)

(၅) နိုင်ငံသားမှတ်ပုံတင်အမှတ် (မိတ္တူနှစ်စောင်ကူးသွားပါ။ နိုတြီဘာသာပြန်ရန်မလိုပါ။)

(၆) အိမ်ထောင်စုစာရင်း (မိတ္တူနှစ်စောင်ကူးသွားပါ။ နိုတြီဘာသာပြန်ရန်မလိုပါ။)

(၇) ငွေ (၃သောင်းမှ၅သောင်း)

လျှောက်လွှာဖြည့်ဖို့ ကုမ္ပဏီဆီက ဘာအချက်လက်တွေသိဖို့ လိုအပ်ပါသလဲ

မြန်မာနိုင်ငံရှိ ဂျပန်သံရုံးမှာဗီဇာလျှောက်ထားရမယ့် လျှောက်လွှာမှာ ဖြည့်ဖို့အတွက် ကုမ္ပဏီဆီက အောက်ပါအချက်လက်တွေ တောင်းပြီးဖြည့်ဖို လိုအပ်ပါတယ်။

(၁) ဂျပန်ရောက်ရင် ကိုယ်နေထိုင်ရမည့်လိပ်စာ

(၂) ကိုယ်အလုပ်လုပ်မည့်ကုမ္ပဏီရဲ့ လိပ်စာအပြည့်အစုံ၊ ဖုန်းနံပါတ်

(၃) Inviter (ဖိတ်ခေါ်သူ) နဲ့ Guarantor(အာမခံသူ) နေရာမှာ ဖြည့်ဖို့အတွက် အလုပ်ရှင်ရဲ့ အမည်၊ မွေးသက္ကရာဇ်၊ နေရပ်လိပ်စာအပြည့်အစုံကို မေးမြန်းပါ။ Inviter (ဖိတ်ခေါ်သူ) နဲ့ Guarantor(အာမခံသူ) နေရာမှာ အလုပ်ရှင်ရဲ့အချက်အလက်တွေကိုဘဲ တူညီစွာဖြည့်လည်း အဆင်ပြေပါတယ်။

(၄) မြန်မာပြည်မှထွက်ခွာမည့် လေယာဉ်လက်မှတ် (မိတ္တူကူးပြီးယူသွားပေးပါ။)

အားလုံး အချက်အလက်တွေစုံပြီဆိုရင် မြန်မာနိုင်ငံရှိ ဂျပန်သံရုံးမှာဗီဇာလျှောက်ဖို့ သံရုံးဝင်လို့ရပါပြီ။ သံရုံးဝင်မယ်ဆိုရင် မနက်အစောကြီး ထပြီးတန်းစီစနစ်နဲ့တိုကင်ယူထားပေးပါ။ လျှောက်လွှာ စာရွက်စာတမ်းတွေကိုလည်း နံရံမှာ ပြထားတဲ့ အစီစဉ်အတိုင်းစီထားပေးပါ။ လျှောက်လွှာတင်တဲ့ အဆင့်မှာ အားလုံးပြည့်စုံတယ်ဆိုရင် ဗီဇာလာထုတ်ဖို့နောက်တစ်ခေါက်ပြန်ချိန်းတတ်ပါတယ်။ အနည်းဆုံး (၃)ရက်လောက်ခွာပြီးချိန်းတတ်ပါတယ်။ ဗီဇာပြန်ထုတ်တဲ့အချိန်ကတော့ များသောအားဖြင့် ညနေပိုင်းချိန်းလေ့ရှိပါတယ်။

အားလုံးအတွက် အဆင်ပြေစေဖို့ရည်ရွယ်ပါတယ်။

Bliss Stock Team