မွေးဖွားထားတဲ့ ရင်သွေးလေးအတွက် ဂျပန်နိုင်ငံရှိမြန်မာသံရုံးတွင် ပါတ်စပို့လျှောက်ထားခြင်း

မွေးဖွားထားတဲ့ ရင်သွေးလေးအတွက် ဂျပန်နိုင်ငံရှိမြန်မာသံရုံးတွင် ပါတ်စပို့လျှောက်ထားခြင်း

2020/12/04

အကြောင်းအမျိုးမျိုး၊ လုပ်ငန်းအခြေအနေ အမျိုးမျိုးကြောင့် ဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာလူမျိုးများအနေဖြင့် ဂျပန်နိုင်ငံတွင် အိမ်ထောင်ရက်သားကျပြီး မီးဖွားတဲ့ကိစ္စတွေဆိုတာ ရှိလာနိုင်ပါတယ်။ မီးဖွားပြီးသွားပြီးရင် မြန်မာလူမျိုးများအနေဖြင့် မိမိရင်သွေးလေးအပါအဝင် ဂျပန်နိုင်ငံတွင် ဆက်လက်နေထိုင်ဖို့အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေဆိုတာ မဖြစ်မနေလုပ်ဆောင်ရပါတယ်။ဆေးရုံကထုတ်ပေးတဲ့ မွေးစားရင်းကိုမိမိနေထိုင်တဲ့ရပ်ကွက်ရုံးကိုပို့တာ (မီးဖွားပြီး၁၄ရက်အတွင်း)၊ ကိုယ်ပိုင်နံပါတ် My Number လျှောက်ထားတာ၊ ကလေးရဲ့ အာမခံကဒ်ပြုလုပ်တာတွေ၊ ကလေးထောက်ပံကြေးငွေ လျှောက်ထားတာတွေ၊ နေထိုင်ခွင့် ဇိုင်းလျူးကဒ် (在留カード) လျှောက်ထားခြင်း (မီးဖွားပြီးရက်၃၀အတွင်း) နဲ့ မြန်မာသံရုံးမှာ ရင်သွေးလေးရဲ့ ပါတ်စပို့စ် (Passport)လျှောက်ထားခြင်း စတဲ့လိုအပ်တာတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ပါတ်စပို့စ်လျှောက်ထားခြင်းမှာ လိုအပ်တဲ့ အချက်အလက်တွေကိုသာ အဓိကထားဖော်ပြပေးမှာ ဖြစ်ပါတယ်။

အဓိကလိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့

(၁) ကလေးမွေးဖွားကြောင်း မှတ်ပုံတင်ပုံစံ

(၂) နိုင်ငံတော်ပြင်ပတွင် ကလေးမွေးဖွားခြင်းမှတ်တမ်း (ပုံစံနိုင်-၈)

(၃) ကိုယ်ရေးရာဇဝင်များ (CV)

(၄) မိဘများရဲ့ မြန်မာနိုင်ငံကူးလက်မှတ်မိတ္တူများ

(၅) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူများ

(၆) အိမ်ထောင်စုစာရင်း မိတ္တူများ

(၇) လက်ထပ်စာချုပ်မိတ္တူ

(၈) ဂျပန်နိုင်ငံ၊ မြို့နယ်ရုံးမှထုတ်ပေးသော မိသားစုစာရင်း

(၉) ကလေးမွေးစာရင်း

(၁၀) မွေးစာရင်းနိုတြီမိတ္တူများ

စတာတွေကို မူရင်း(၁)စုံအပြင်၊ မိတ္တူ(၃)စုံကူးသွားဖို့လိုအပ်ပါတယ်။ မီးဖွားပြီးကာစမို့ သံရုံးကို လူကိုယ်တိုင်မသွားရောက်နိုင်ရင် လက်တာပက်ခု (Letter Pack) တန်ဖိုးယမ်း (၄၈၀) ဖြင့်စာတိုက်ကနေတဆင့် ပေးပို့နိုင်ပါတယ်။ အကယ်လို့ Single Mother အဖြစ်မီးဖွားထားတာဖြစ်ပြီး နံပါတ်(၇) အချက်လက်ထပ်စာချူပ်မရှိရင်တော့၊ မိမိရဲ့ ပါတနာ (Partner) ရဲ့ အချက်အလက်တွေရယ်၊ မိမိရင်သွေးမှန်ကန်ကြောင်း မိမိရဲ့ ပါတနာကထောက်ခံစာကို ရေးပေးရမှာ ဖြစ်ပါတယ်။ နံပါတ်(၁၀)အချက် နိုတြီကတော့ ဂျပန်ရှေ့နေကနေ နိုတြီပြန်ပေးတဲ့ ဂျပန်ဘာသာကနေ အင်္ဂလိပ်ဘာသာအဖြစ် ဘာသာပြန်နိုတြီဖြစ်ဖို့လိုအပ်ပါတယ်။ နိုတြီပြန်ခက ယမ်း(၃)သောင်းကျော်လောက် ကုန်ကျနိုင်ပါတယ်။ အချက်အလက်တွေအားလုံး စုဆောင်းပြီး စုံသွားရင်တော့ နံပါတ် (၁)မှ(၁၀)အထိ အစဉ်လိုက်စဉ်ပြီး သံရုံးကိုတင်သွင်းပြီးလျှောက်ထားနိုင်ပါပြီ။ မိမိတင်သွင်းထားတဲ့ အချက်အလက်တွေကို မြန်မာပြည်ကိုပို့ပြီး စစ်ဆေးမှုတွေပြုလုပ်ပြီး ခွင့်ပြုချက်ရမှ ပါတ်စပို့စ် (Passport)ထုတ်ပေးခြင်းတွေပြုလုပ်ပေးတာ ဖြစ်တဲ့အတွက် အနည်းဆုံး(၆)လကြာမြင့်နိုင်ပါတယ်။ ပါတ်စပို့စ်ပြုလုပ်လို့ရပြီလို့ ခွင့်ပြုချက်ရမှသာ SMBCဘဏ်မှငွေသွင်းခြင်းကိစ္စတွေပြုလုပ်လို့ရမှာ ဖြစ်ပါတယ်။ ငွေသွင်းပြီးပြီးဆိုရင်တော့ မကြာမီမှာ မိမိရင်သွေးလေးရဲ့ ပါတ်စပို့စ် (Passport)ကိုသံရုံးမှာ ထုတ်ယူနိုင်ပြီဖြစ်ပါတယ်။

 

အားလုံးအတွက် အဆင်ပြေစေဖို့ရည်ရွယ်ပါတယ်။

Bliss Stock Team