လုပ်ငန်းခွင်တွင်လိုက်နာသင့်သော အမူအကျင့်ကောင်းများ (၁၅) ချက်

လုပ်ငန်းခွင်တွင်လိုက်နာသင့်သော အမူအကျင့်ကောင်းများ (၁၅) ချက်

2020/12/04

မြန်မာနိုင်ငံမှလူငယ်လူရွယ်များအနေနဲ့ လုပ်ငန်းခွင်တွင်လိုက်နာသင့်သော အမူအကျင့်ကောင်းများ မဖွံ့ဖြိုးသော ပတ်၀န်းကျင်တွင် အလုပ်လုပ်ခဲ့ရသူများရှိကောင်းရှိနေနိုင်ပါတယ်။ ထိုအခြေအနမှ ချက်ချင်းကြီး လုပ်ငန်းခွင်တွင်လိုက်နာရမည့် အမူအကျင့်မန်နာတွေ တင်းကျပ်နေသော ဂျပန်နိုင်ငံတွင် ပြောင်းရွေ့အလုပ်လုပ်မည်ဆိုရင် ထိုအချက်တွေကိုမသိထားလျှင် နှစ်ဉီးနှစ်ဖက်နားလည်မှုလွဲပြီး လုပ်ငန်းခွင် အဆင်မပြေမှုများ ဖြစ်ပေါ်စေနိုင်ပါသည်။ ယခုဆောင်းပါးတွင် မြန်မာနိုင်ငံမှလူငယ်လူရွယ်များ အတွက်အကျိုးရှိစေရန် ရည်ရွယ်ပြီး မိမိကိုယ်တိုင်တွေ့ကြုံခဲ့ရသော အတွေ့အကြုံများထဲမှ တက်နိုင်သမျှအချက်အလက်တွေကို စုစည်းတင်ပြထားပါတယ်။

(၁) မိမိကိုယ်ကိုမိတ်ဆက်တတ်ခြင်း

အထူးသဖြင့် မြန်မာနိုင်ငံတွင် အလုပ်အင်တာဗျူးများတွင်မိမိကိုယ်ကိုမိတ်ဆက်သည့် အလေ့အကျင့်ရှိကြသော်လည်း၊ ဂျပန်နိုင်ငံတွင် နည်းပညာသမား တစ်ယောက်အဖြစ်အသက်မွေး၀မ်းကြောင်းပြုမည်ဆိုလျှင် မိမိကိုယ်ကိုမိတ်ဆက်ရသည့် အခါသမယသည် အကြိမ်ပေါင်းမြောက်မြားစွာရှိပါသည်။
တဖက်ကာစတမ်မာကုမ္ပဏီကိုသွားသည့် အခါမျိုးတွင်မိတ်ဆက်ရသည့်အခါရှိသလို၊ တခြားကုမ္ပဏီများနှင့်သောက်ပွဲများပြုလုပ်ရသည့်အခါမျိုး၊မိမိအလုပ်လုပ်သည့်လုပ်ငန်းခွင်၀င်ရောက်ဖို့အတွက် မိတ်ဆက်ရသည့်အခါမျိုး၊ နေရာကာလ၊ မိမိရဲ့ဖြစ်တည်မှုပေါ်မူတည်ပြီးမိတ်ဆက်ရသည့်အမျိုးအစားပေါင်းများစွာရှိပါသည်။ အလွယ်ကူဆုံးမိမိကိုယ်ကို မိတ်ဆက်တတ်ဖို့ဆိုလျှင် မိမိနာမည်၊ ကိုယ်ရေးအကျဉ်းအနည်းငယ်၊ မိမိကုမ္ပဏီမှာ တာ၀န်ယူထားတဲ့ အပိုင်းတွေ၊ ကိုယ့်ရဲ့အားသာချက်တွေဘာတွေရှိလဲဆိုတဲ့အချက်တွေကို အသုံးပြုပြီး တဖက်လူမငြီးငွေ့သွားအောင် အတိုဆုံးနဲ့ နားလည်အလွယ်ဆုံးဖြစ်နိုင် မယ့်မိမိကိုယ်ကိုမိတ်ဆက်ခြင်းကို ကြိုတင်လေ့ကျင့်ထားသင့်ပါသည်။
နားလည်အလွယ်ဆုံးဖြစ်နိုင် မယ့်မိမိကိုယ်ကိုမိတ်ဆက်ခြင်းကို ကြိုတင်လေ့ကျင့်ထားသင့်ပါသည်။

(၂) ကိုယ့်ကိုခိုင်းထားတဲ့အလုပ်တွေကိုBackupယူထားတတ်ဖို့

လုပ်ငန်းခွင်မှာ ကိုယ့်ကိုခိုင်းထားတဲ့အလုပ်တွေရဲ့ ရလဒ်တွေကို ကိုယ့်ကိုခိုင်းတဲ့ ဉီးဆောင်သူလက်ထဲမအပ်ခင်မှာ မပျောက်မပျက်သွားအောင် Backupယူထားတတ်ဖို့လည်းလိုပါတယ်။ အလုပ်ပြီးမြောက်ပြီးသားရလဒ်တွေကို ဆာဗာပေါ်တင်ပြီး တာ၀န်ကျေပြီလို့ယူဆလိုက်မိပေမယ့်တခါတရံ တစုံတယောက်ကမှားဖျက်လိုက်မိလို့ရှိရင် အချိန်တန်မှ အပ်ရတော့မယ်အချိန် ကိုယ့်လက်ထဲမှာမရှိရင် အလုပ်ကိုတာ၀န်ယူထားသူက ကိုယ်ကိုတိုင်ဖြစ်တာမို့ ကိုယ့်မှာပြသနာတွေရှိလာနိုင်ပါတယ်။

လုပ်ငန်းခွင်မှ ကိုယ့်ကိုခိုင်းတဲ့အလုပ်တွေဟာ တစ်ခုတည်းမဟုတ်ဘဲ တစ်လတည်းမှာအလုပ်နှစ်ခု၊သုံးခု ပြိုင်နေတာတို့ ဒီလမှာ ဒီပရောဂျတ်ကို ကိုင်နေရပေမယ့် နောက်လမှ နောက်ပရောဂျတ်တစ်ခုကို ကိုင်နေရတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သုံးလေးလလောက်ကြာပြီးမှ ကိုယ်အရင်ရေးခဲ့တဲ့ပရောဂျတ်ကို လက်ရှိကိုင်နေတဲ့ သူကကိုယ့်တုန်းက အဲ့ဒီဟာကို ဘယ်လိုလုပ်ခဲ့တာလည်းလို့မေးလာတဲ့ အခါတွေရှိတတ်ပါတယ်။ ထိုအခါမှာရှင်းပြတတ်ဖို့ ကိုယ့်မှာ Backupကောင်းကောင်းယူထားတတ်ဖို့လိုပါတယ်။ နောက်တစ်ခုက ကိုယ်မသိတဲ့ကိစ္စတစ်ခုကို ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်က ရှင်းပြပေးလိုက်ရင် ဖြေရှင်းပုံဖြေရှင်းနည်း တွေကိုမှတ်ထားသင့်ပါတယ်။ တစ်ခါရှင်းပြပြီးသားကိစ္စကို ကိုယ့်ရဲ့နမော်နမဲ့နိုင်မှုကြောင့်မမှတ်ထားဘဲ ထပ်ခါထပ်ခါ ရှင်းပြနေရရင် ဒါဟာဆိုးဝါးတဲ့ အပြုအမူတစ်ခုဖြစ်ပါတယ်။

(၃) ကိုယ့်ကိုခိုင်းတဲ့အလုပ်တွေမှာ အမှားတွေပါနေခဲ့ရင် စစ်ဆေးတတ်ဖို့

တခါတလေကိုယ့်ကိုခိုင်းတဲ့အလုပ်တွေဟာ တခြားသူတွေရဲ့ Outputတွေဖြစ်နေတတ်ပါတယ်။ ဆိုလိုတာက ဉပမာ ကိုယ့်ကိုခိုင်းတဲ့အလုပ်က သူများရေးထားတဲ့ test caseတွေကိုဖတ်ပြီး ဒီစနစ်တစ်ခုကကောင်းကောင်းအလုပ်လုပ်ရဲ့ လားဆိုတာကို စစ်ဆေးခိုင်းတာမျိုးဖြစ်နေတတ်ပါတယ်။ အလုပ်တစ်ခုကိုလက်ခံလိုက်ပြီဆိုရင် ဘာမှမစစ်ဆေးဘဲခေါင်းငြိမ့်လက်ခံလိုက်တာမျိုးမဖြစ်သင့်ဘဲ၊ အရင်ဆုံးအလုပ်မစခင်မှာ ကိုယ်လုပ်ရမယ့်အလုပ်ကို ခြုံငုံကြည့်ပြီး ဘယ်နေရာတော့ အမှားပါနေတယ်၊ ဒီလို test caseမျိုးတော့ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးဆိုတာ ကိုယ်ပိုင်ဉာဏ်ဖြင့် ခြုံငုံစဉ်းစားသင့်ပါတယ်။

(၄) ကိုယ့်ကို ခိုင်းတဲ့အလုပ်တစ်ခုက အချိန်ဘယ်လောက်ရလဲဆိုတာကို မေးမြန်းတတ်ဖို့

ကိုယ့်ကိုခိုင်းတဲ့အလုပ်တွေက နေ့ချင်းအပြီးလိုချင်တာမျိုးတို့ နေ့လည်ထမင်းသွားမစားခင်ပြီးစေချင်တာမျိုးတို့ ရှိတတ်ပါတယ်။ ကိုယ့်ကိုအလုပ်တစ်ခု လာခိုင်းပြီဆိုရင် ဒီအလုပ်ပြီးဖို့အချိန်ဘယ်လောက်ရလဲဆိုတာကို မေးသင့်ပါတယ်။ ကိုယ့်ကိုခိုင်းတဲ့သူက ပြောဖို့မေ့နေတယ်ဆိုရင်တောင်ကိုယ့်ဖက်က အလုပ်လုပ်ဖို့ရမယ့်အချိန်ပမာဏ ကို အတည်ပြုထားသင့်ပါတယ်။

(၅) ကိုယ့်ကိုဖြေရှင်းခိုင်းတဲ့ အလုပ်တွေထဲမှာကိုယ်မရတာ၊ မလုပ်တတ်တာပါနေခဲ့မယ်ဆိုရင်

လုပ်ငန်းခွင်မှာ ကိုယ့်ကိုခိုင်းမယ့်အလုပ်တွေဟာ အမြဲတမ်းတစ်ခုတည်းဖြစ်လေ့မရှိပါဘူး။ နှစ်ခုသုံးခုလည်း တပြိုင်တည်း ဖြစ်နေတတ်သလို၊ ငါးခုခြောက်ခုလောက်လည်း ဖြစ်နေတတ်ပါတယ်။ အဲ့ဒီအထဲကမှ ကိုယ်ဖြေရှင်းလိုက် နိုင်တာရှိသလို၊ မဖြေရှင်းနိုင်ဘဲကျန့်ကြာနေတတ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ မဖြေရှင်းနိုင်လို့ ကျန့်ကြာနေတဲ့အခါ ကိုယ့်ကိုအလုပ်ခိုင်းတဲ့ ဉီးဆောင်သူကို မဆွေးနွေးဘဲ
ကြိတ်ပြီးတစ်ကိုယ်တော်ဖြေရှင်းနေတာတို့၊ အဲ့ဒီမဖြေရှင်းနိုင်တဲ့ အလုပ်တစ်ခုအတွက် အချိန်ကုန်သွားပြီး တခြားသော အလုပ်တွေမပြီးလိုက်ဘူး ဖြစ်သွားတယ်ဆိုတာ ကောင်းတဲ့အလေ့အထအမူအကျင့်တစ်ခုမဟုတ်ပါဘူး။ မဖြေရှင်းနိုင်လို့ကျန့်ကြာနေခဲ့ရင် အဲ့ဒီအလုပ်ကို ခဏရပ်ပြီး ကိုယ်တတ်နိုင်တဲ့ ပြီးနိုင်မယ့်အလုပ်တွေကို ကြိုလုပ်ထားပါ
နောက်ဆုံး ကိုယ်မဖြေရှင်းနိုင်တဲ့ အလုပ်ကိုမှ အလုပ်ခိုင်းတဲ့ ဉီးဆောင်သူဆီသွားပြီး အလုပ်ရဲ့ပြဿနာအနေအထား ဘာကြောင့်မရှင်းနိုင်ရလဲဆိုတာကို ဆွေးနွေး အကြံဉာဏ်တောင်းသင့်ပါတယ်။

(၆) ရေးနေတဲ့ပရိုဂရမ်မှာ အမှားပါနေခဲ့တာတို့ bugတက်နေတာတို့နဲ့ပတ်သက်ပြီး အလုပ်ခိုင်းတဲ့ဉီးဆောင်သူကို တင်ပြပြီးဆွေးနွေးတော့မယ်ဆိုရင်

ပရိုဂရမ်မှာ အမှားတွေနဲ့ပတ်သက်ပြီး ဉီးဆောင်သူနဲ့ဆွေးနွေးတော့မယ်ဆိုရင် အလျင်စလိုအမှားအကြောင်းကို ဘဲတင်ပြဖို့မသွားမိပါစေနဲ့။ ဒီအမှားက ဘာကြောင့်ဖြစ်ရလဲဆိုတဲ့အချက်ကိုရောရှာဖွေထားဖို့ မေ့နေတာလား။ဘယ်လိုဖြေရှင်းတဲ့နည်းလမ်းတွေသုံးလိုက်မယ်ဆိုရင် ဒီအမှားက ပြေလည်သွားနိုင်မယ်ဆိုတဲ့ အချက်တွေကိုရော ရှာဖွေထားပြီးပြီလား။အဲ့ဒီနည်းလမ်းကရောတစ်ခုတည်း ရှိတာလား တခြားနည်းလမ်းရောရှိသေးလားဆိုတာတွေကိုသေချာထောက်လှမ်းအတည်ပြုပြီးမှ ဉီးဆောင်သူဆီဆွေးနွေးဖို့သွားသင့်ပါတယ်။ ကိုယ့်ကိုအလုပ်ခိုင်းတဲ့ ဉီးဆောင်သူဟာ ကိုယ့်ထက်အလုပ်တာ၀န်တွေပိုယူထားရသူဖြစ်နေနိုင်သလို၊ တခြားအလုပ်တွေနဲ့ အာရုံများနေတာ လည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကိုယ့်က ပရိုဂရမ်မှာအမှားတွေနဲ့ပတ်သက်ပြီးသွားဆွေးနွေးတဲ့အချိန်ကြမှ ဉီးဆောင်သူက တခြားဘယ်နေရာမှဒီလို အမှားမျိုးတွေရှိနေသေးလဲလို့ မေးခွန်းမေးလိုက်ရင် မသိဘူး။ ပြန်ကြည့်လိုက်ဉီးမယ်လို့ပြောပြီး ပြန်လာရတာဟာ ကိုယ့်ကို နမောနမဲ့နိုင်သူလို့ထင်သွားစေနိုင်ပါတယ်။

(၇) လုပ်ငန်းခွင်သုံးအီးမေးလ်ကိုအသုံးပြုသည့်အခါ

ကိုယ့်ကိုအလုပ်ခန့်ထားတဲ့ကုမ္ပဏီတွင်သာမဟုတ်ဘဲ ကိုယ်အလုပ်လုပ်တဲ့လုပ်ငန်းခွင်မှာလည်း အလုပ်လုပ်ရာတွင် အဆင်ပြေချောမွေ့စေရန် လုပ်ငန်းခွင်သုံးအီးမေးလ်များကို ပေးအပ်ထားလေ့ရှိပါတယ်။ ကွန်ပျူတာနည်းပညာသည် လုံခြံမှုဆိုင်ရာထိန်းချုပ်ကွပ်ကဲမှု အားနည်းလျှင်အားနည်းသလောက် အလွန်ပေါက်ကြားဖို့လွယ်ကူလှသော နည်းပညာတစ်ရပ်ဖြစ်သည်။ ထိုအထဲတွင် ပရိုဂရမ်ကုတ်များရဲ့အစိတ်အပိုင်းများကို အီးမေးလ် attachကနေပါမသွားစေရန်လုပ်ငန်းခွင်များတွင် အထူးစောင့်ကြပ်စစ်ဆေးသည့် ပရိုဂရမ်များ စစ်ထုတ်ရေးထားလေ့ ရှိကြသည်။ ထို့အပြင်အီးမေးလ်မှတဆင့်လုပ်ငန်းခွင်အီးမေးလ်သို့ အီးမေးလ် အ၀င်များရှိသော်လည်း လုပ်ငန်းခွင်အီးမေးလ်မှ အဖွဲ့အစည်းကိုကျော်လွန်ပြီး အပြင်သို့အီးမေးလ်သို့ပို့ခြင်းကို အထူးရှောင်ရှား ရန်လိုအပ်ပါသည်။

(၈) Social Networkကိုအသုံးပြုသည့်အခါ

နည်းပညာသမားတွေအချင်းချင်းဟာ ကိုယ့်ရဲ့လုပ်ငန်းခွင်ပြင်ပမှာ နည်းပညာသမားအသိုင်းအဝိုင်းဆိုပြီး Second Life ဆိုတာမျိုးတွေလည်းရှိတတ်ပါတယ်။ မိမိရဲ့နည်းပညာအတွေ့အကြုံတွေကို ဘလော့တွေ ရေးသားပြီးဖြန့်ဝေခြင်း၊ သူများမဖြေရှင်းနိုင်တဲ့ ကိစ္စတွေကိုဖြေရှင်းပေးလိုက် ခြင်းအားဖြင့် နည်းပညာအသိုင်းအဝိုင်းမှာပွိုင့်တက်လာတာတို့၊ Social Networkမှာ ပြန်လှယ်ဖြန့်ဝေခြင်းအားဖြင့် နာမည်ကြီးနေတာဟာ အနောက်နိုင်ငံတွင်နည်းပညာသမားတစ်ယောက်အဖြစ် ရပ်တည်ဖို့အလွန်ကောင်းတဲ့ အချက်တွေပါ။ အနောက်နိုင်ငံတွေမှာ နည်းပညာသမားတစ်ယောက်ကို မိမိရဲ့အဖွဲ့အစည်းထဲကို သွင်းဖို့အတွက်ဆိုရင် အဲ့ဒီနည်းပညာ သမားတစ်ယောက်က ဘာတွေသိလဲ ဘာတွေလုပ်နိုင်လဲဆိုတဲ့ အရာတွေကို အင်တာနက်မှာရှာဖွေစုဆောင်းထားပြီး အလုပ်ခန့်သင်မခန့်သင့်စဉ်းစားလေ့ရှိကြပါတယ်။ ဂျပန်နိုင်ငံမှာတော့ Social Networkမှာနာမည်ရှိနေလည်း အလုပ်ခန့်သင့်၊ မခန့်သင့်စဉ်းစားတာနဲ့မဆိုင်တာကိုတွေရပါတယ်။ မိမိအဖွဲ့အစည်းရဲ့ သတင်းအချက်အလက်တွေ နည်းပညာတွေနဲ့ပတ်သက်ပြီး တခြားကုမ္ပဏီကို မပေါက်ကြားအောင်၊ Social Networkမှာဖြန့်ဝေခြင်းကတော့ အထူးလက်မခံနိုင်စရာ အချက်ထဲမှာပါ၀င်နေပါတယ်။

(၉) တဖက်သားနေရာဖက်မှနေပြီးတွေးပေးတတ်ဖို့

လုပ်ငန်းခွင်တွင် လူတစ်ယောက်ရဲ့ Personalityကို အကဲဖြတ်တဲ့အခါ အဲ့ဒီလူကအလိုက်သိတဲ့သူလား၊ အလိုက်မသိ တဲ့သူလားဆိုတဲ့အချက်ကလည်း တစ်ခုအပါအ၀င်ဖြစ်နေတာကို တွေ့ရပါတယ်။ အလိုက်သိတဲ့သူတစ်ယောက် ဖြစ်ဖို့အရေးကြီးဆုံးအချက်တချက်က တဖက်သားနေရာဖက်မှနေပြီးတွေးပေးတတ်ဖို့ ဖြစ်ပါတယ်။ တဖက်သားနေရာမှ နေပြီးတွေးပေးတတ်ဖို့ဆိုတာ မိမိတကိုယ်ရည် Personalityစွမ်းရည်ကို တိုးတက်လာစေဖို့ လုပ်ဆောင်သင့်တဲ့အချက်တစ်ခုသာမဟုတ်ဘဲ၊ ကုမ္ပဏီတစ်ခု စီးပွားရေးလုပ်ငန်းတစ်ခု အောင်မြင်ဖို့ဆိုရင်လည်း မိမိဖောက်သည်ကာစတမ်မာတွေ အဆင်ပြေစေဖို့ သူများနှင့်မတူဘဲ စဉ်းစားပေးလိုက်တာတွေ အသေးစိတ်လေး ကိုယ့်Productကိုပြင်ဆင်ပေးထားတာကအစ အကြုံး၀င်ပါတယ်။

(၁၀) ဉီးဆောင်သူတစ်ယောက်စိတ်ဓါတ်ဖြင့်အလုပ်လုပ်ပါ

အလုပ်သမားဆိုသည်မှာ မိမိကိုခိုင်းစေလိုက်သည့်အလုပ်တစ်ခုကို ခိုင်းစေသည့်နည်းလမ်းအတိုင်း၊ ဖြေရှင်းပုံလုပ်ထုံးလုပ်နည်း အတိုင်း သတ်မှတ်သည့်အချိန်အတွင်း အလုပ်တစ်ခုကိုပြီးမြောက်အောင် ပြန်လည်ပြုလုပ်ပေးနိုင်သည့် စွမ်းရည်ရှိသောသူများကိုဆိုလိုပါသည်။ ယေဘုယျအားဖြင့် ခိုင်းသောအလုပ်ကိုသာ လုပ်တတ်သော သူများဟုဆိုနိုင်ပါသည်။ အင်ဂျင်နီယာဆိုသည်မှာ မိမိကိုယ်တိုင်ပြဿနာတစ်ရပ်ကိုရှာဖွေတွေ့ရှိပြီး၊ အဲ့ဒီပြဿနာကို အကောင်းဆုံးဘယ်လိုဖြေရှင်းမလဲ၊ ဒီထက်ကောင်းအောင်ရော ဘာတွေလုပ်နိုင်သလဲဆိုတာကို ကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစား တွေးခေါ်ပြီး အလုပ်လုပ်တတ်သောသူကိုဆိုလိုပါသည်။

(၁၁) သုံးစွဲသူတစ်ယောက်မဟုတ်ဘဲ ပါ၀င်ပတ်သက်သူတစ်ယောက်ဖြစ်ပါစေ

ကွန်ပျူတာသမားတွေဆိုတာဟာ အသင်းအဖွဲ့နဲ့အလုပ်လုပ်ကြရတာဖြစ်တဲ့အတွက် အလုပ်အမျိုးအစားတစ်ခုကို အတူတူလုပ်ကြရင် အားလုံးတူညီတဲ့ရလဒ်တွေထွက်အောင် ညှိနှိုင်းကြဖို့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုမလွဲရ အောင် စာရွက်စာတမ်းချပုံကအစ မိမိဖက်ကစတင်ပြီး ငါတို့တော့ ဘယ်လိုလုပ်ကြမယ်၊ အလုပ်အတူတူတစ်ခုကို နှစ်ယောက်စလုံးက ပြိုင်တူလုပ်မိပြီး အချိန်အလေအလွင့်ဖြစ်မသွားရလေအောင် တစ်ယောက်ကအလုပ်ပြီးသွားရင် ဒါပြီးသွားပါ ပြီလို့ ဒီမှာရေးထားနော်၊ ငါတို့အားလုံးဒီစာရွက်စာတမ်းကိုလာလာကြည့်ပြီးအလုပ်လုပ်ကြမယ်လို့ မိမိဖက်က စတင်ပြီး အဖွဲ့ထဲမှာ ပါ၀င်ပတ်သက်သူတစ်ယောက်ဖြစ်နေပါစေ၊ အလုပ်တစ်ခုကိုအဖွဲ့၀င်တွေဘာခိုင်းမလဲဘဲ စောင့်နေတတ်တဲ့ သုံးစွဲသူတစ်ယောက်အဖြစ်မရပ်တည်မိပါစေနဲ့။

(၁၂) မိမိအလုပ်လုပ်မည့် နိုင်ငံရဲ့လုပ်ငန်းခွင်သဘာ၀လုပ်ထုံးလုပ်နည်းတွေကို နားလည်အောင်ကြိုးစားပါ

ဂျပန်နိုင်ငံမှာတော့ လူသားတစ်ဉီးနှင့်တစ်ဉီး ကာယ၊ ဉာဏစွမ်းရည်မတူဖူးလို့ယူဆကြပါတယ်။ စွမ်းရည်မတူညီ သည့်အလျောက် အိုင်တီသမားတစ်ယောက် ၀င်နိုင်မည့်ပရောဂျတ်၊ အဲ့ဒီပရောဂျတ်မှာ ကိုယ့်ဆီက၀န်ထမ်းတစ်ယောက် ၀င်ရေးပြီးရလာမယ့် ၀င်ငွေ စာချုပ်ချုပ်ဆိုတဲ့မာဏကလည်း မတူနိုင်ပါဘူး။ အရမ်းတော်တဲ့ အိုင်တီသမားတစ်ယောက်ဖြစ်လင့်ကစား အလုပ်တူတူတွဲလုပ်ရတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေတဲ့သူ တစ်ယောက်ဆိုရင်လည်း အဲ့ဒီလူနဲ့ ဘယ်သူမှလက်တွဲအလုပ်မလုပ်ချင်တဲ့အတွက် စာချုပ်ချုပ်ဆိုမှု ပြုလုပ်မှာ မဟုတ်ပါဘူး။ အဲ့ဒီအခါ အလုပ်လက်မဲ့ဖြစ်နေတဲ့၀န်ထမ်းကို ပေးရမယ့်လစာက အရင်သူလုပ်ခဲ့တဲ့လတွေက လစာကိုသိမ်းထားပြီး ပြန်ပေးရတာတွေရှိပါတယ်။ အဲ့ဒီအတွက် အရည်ချင်းရှိပြီး အမြဲတမ်းအလုပ်လုပ်နိုင်တဲ့ ၀န်ထမ်းတစ်ယောက်ရဲ့လစာနဲ့ အလုပ်ရလိုက်မရလိုက်ဖြစ်နေတဲ့ ၀န်ထမ်းတစ်ယောက်ရဲ့လစာ မတူနိုင်ပါဘူး။ လုပ်ငန်းခွင်လုပ်ထုံးလုပ်နည်းတွေမသိဘဲ ငါကျတော့ ဒီလောက်ဘဲရတယ်၊ သူကတော့ ဒီလောက်တောင်ရတယ်ဆိုပြီး မနာလိုနေလို့မရပါဘူး။

(၁၃) တာ၀န်သိစိတ်နှင့် တာ၀န်ယူနိုင်မှုရှိပါစေ

အများနှင့်လက်တွဲအလုပ်လုပ်ပြီး ကောင်းမွန်တဲ့ကုန်ပစ္စည်း အရည်အသွေး ကုန်အမှတ်တံဆိပ်ကို ဖော်ဆောင်ဖို့အတွက် တာ၀န်သိစိတ်နှင့် တာ၀န်ယူနိုင်မှုကလည်း အရေးပါလှပါတယ်။ အိုင်တီလုပ်ငန်းမှာလည်း ကွန်ပျူတာနှင့်သာ ထိတွေ့ဆက်ဆံပြီး ဘယ်သူနဲ့မှမဆက်ဆံဘူးဟေ့ ဆိုပြီးလုပ်လို့ရတဲ့အရာတစ်ခုမဟုတ်ပါ။ အချိန်နှင့်တပြေးညီ ရေးဆွဲတည်ဆောက်ပြီးသား ပရိုဂရမ်တွေကို release လုပ်ရတဲ့အခါ release မလုပ်ခင်အမှားကင်းနိုင်သထက် ကင်းအောင်၊ ကိုယ့်အမှားအပြင် တခြားသူတဉီးတစ်ယောက်ရဲ့အမှားများ ကျန်နေခဲ့ရင်လည်း တာ၀န်သိစိတ်နဲ့ဖယ်ရှားပေးရပါတယ်။ အမှားတစ်ခုတွေ့ခဲ့ရင်လည်း အဲ့ဒီအမှားမျိုးက နောက်တနေရာမှာ မှားနေနိုင်မလားဆိုတာကို ပရောဂျတ်တစ်ခုလုံးတွင်ခြုံငုံပြီး အမှားထောက်လှန်းခြင်း၊ တာ၀န်သိစိတ် ဖြင့်ပြုပြင်ခြင်းစတာတွေပြုလုပ်သင့်ပါတယ်။ ဉပမာ grep ကောမန်းတွေနဲ့ ပရောဂျတ်တစ်ခုလုံးမှာ လိုက်ရှာသင့်ပါတယ်။ အကြောင်းအားလျော်စွာ release လုပ်ပြီးမှ တက်လာတဲ့အမှားတွေကိုလည်း ဒီအမှားတွေဟာ ကိုယ့်ကြောင့် မဟုတ်ဘူးလို့ ငြင်းနေလို့မရပါဘူး။ ဘယ်သူ့ကြောင့်မှားခဲ့သည်ဖြစ်စေ၊ အချိန်နှင့်တပြေးညီ အမှားပြင်ဆင်မှုတွေပြုလုပ်ပေးဖို့ တာ၀န်ယူရပါတယ်။

(၁၄) ပရောဖက်ရှင်နယ်ဆန်နိုင်မှု

ဒီအလုပ်က ငါ့ကိုခိုင်းထားတာဘဲ ငါဘဲပြီးအောင်လုပ်မယ်၊ ဒီကိစ္စက ငါကလွဲပြီး ဘယ်သူမှမသိစေရဘူး။ ငါ့အလှည့်ကျတော့ ဘယ်သူမှမတွေးပေးဘူး … စတဲ့ အတွေးမျိုးတွေရှိနေခဲ့ရင်တော့ ပရောဖက်ရှင်နယ်အဖြစ် ရပ်တည်လို့ မဖြစ်နိုင်သေးဘူးလို့ထင်ပါတယ်။ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းတွေဟာ အမြဲရာသက်ပန်သီးနေတဲ့ သစ်သီးမျိုးမဟုတ်ပါဘူး။ အိုင်ဒီယာကောင်းတစ်ခုကို စဉ်းစားမိလို့ ပြိုင်ဖက်အဖွဲ့အစည်းတစ်ခုထက်ပိုပြီး စောနိုင်အောင်၊ စျေးကွက်လက်ဉီးမှုရယူဖို့ဆိုတာ အချိန်မှီပြီးစီးနိုင်မှုက ထုတ်ကုန်တစ်ခုရဲ့ရလဒ်ဖြစ်နေတာကြောင့် သင်တစ်ဉီးတစ်ယောက်တည်းရဲ့ နေမကောင်းဖြစ်နေတာတို့၊ အခြားအကြောင်းရင်းတစ်ခုခုကြောင့် သင်ဆက်မလုပ်နိုင်ခဲ့ရင် နောက်ပိုင်းမှာဆက်လုပ်ပေးမယ့်အဖွဲ့၀င်တစ်ယောက်က နားလည်လွယ်ပြီးဆက်လုပ်ဆောင် ပေးမယ့် စာရွက်စာတမ်းလမ်းညွှန်မှုတွေ၊ ဘယ်နေရာမှာတော့ ဘာလုပ်မှအဆင်ပြေမယ်ဆိုတဲ့ ကိုယ်မှတ်ထားတဲ့မှတ်စုတွေကိုလည်း ချန်ထားပေးခဲ့ရတာတို့၊ အဖွဲ့၀င်သစ်တစ်ယောက်ကို လက်တွဲခေါ်ယူရတာတို့ ဆိုတာရှိပါတယ်။

(၁၅) လက်နက်တီထွင်ပြီးအသုံးပြုတတ်ပါစေ၊ လက်နက်အဖြစ်အခိုင်းခံရတာမဖြစ်ပါစေနဲ့။

ကွန်ပျူတာကို အသုံးပြုတဲ့အခါမှာ ထိရောက်စွာအသုံးပြုတတ်ဖို့ကလည်း အရေးကြီးပါတယ်။ အကျိုးရှိစွာ အသုံးမပြုတတ်ရင်တော့ ကွန်ပျူတာကိုလူကအသုံးပြုတာမဟုတ်ဘဲ၊ ကွန်ပျူတာက ကိုယ့်ကိုပြန်သုံးနေတာမျိုးဖြစ် တက်ပါတယ်။ ဉပမာအနေနဲ့ပြောရရင် ဖိုင်တွေကိုဘယ်ဖိုင်ကတော့ ဘယ်အမျိုးအစားဆိုပြီး ခွဲခြားထားခြင်းမရှိဘဲ၊ ကြိုက်သလို အဆင်ပြေသလို တွေ့ကရာနေရာမှာ သိမ်းလိုက်မယ်ဆိုရင် လိုအပ်တော့မှ ပြန်ရှာမယ်ဆိုရင် Search ဆိုတဲ့ ရှာဖွေခြင်းကို အသုံးပြုလို့ရပေမယ့်၊ ရှာဖွေခြင်းအတွက် အချိန်ပြန်ကုန်နေရတာမျိုး ဖြစ်တတ်ပါတယ်။ ဂျပန်က အိုင်တီလုပ်ငန်းတွေမှာတော့ ထပ်ခါထပ်ခါလုပ်ရမယ့် အလုပ်တွေကို Macro ရေးထားတာတို့၊ Bash ဖိုင်ဆောက်ထားတာတို့၊ Shell ရေးထားတာတို့ စတဲ့ အသုံးတဲ့မည့် Tools လေးတွေ ရေးထားတတ်ကြပါတယ်။ အဲ့ဒီလို Tools လေးတွေရေးထားခြင်းအားဖြင့် လုပ်ငန်းခွင်ထဲကိုအသစ်၀င်လာတဲ့ နောက်ပိုင်းမျိုးဆက်တွေက အရင့်အရင် ခက်ခက်ခဲခဲလုပ်ခဲ့ ရေးခဲ့ရတဲ့ ကိစ္စတွေကို ခလုတ်တချက်နှိပ်တာနဲ့တင် အလုပ်ပြီးနိုင်တဲ့အပြင် နည်းပညာပိုင်း သိပ်မကျွမ်းကျင်တဲ့ သူကိုတောင် ဒါလေးကိုဒီလိုလုပ်နော်လို့ လက်လွှဲထားနိုင်ပါတယ်။ ရလာတဲ့ ရလာဒ်ကလည်း ဖြစ်စေချင်တဲ့အတိုင်း လမ်းကြောင်းပေးထားတာဖြစ်တဲ့အတွက် အလုပ်ပြီးမြောက်တဲ့အခါ အားလုံးတူညီတဲ့ ရလာဒ်ကို ရစေနိုင်မှာပါ။

အားလုံးအတွက် အဆင်ပြေစေဖို့ရည်ရွယ်ပါတယ်။
Bliss Stock Team